Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, January 5, 2009

ညီညွတ်ချိန်တန်ပြီ

လွမ်းတယ် လွမ်းတယ်လို့
မြည်တမ်းနေလည်း
အိမ်ပြန်ရမှာကြောက်တယ်။
ပြန်ချင်တိုင်းပြန်ခွင့်မရတဲ့သူတွေအတွက်
အခွင့်အရေးမယူရက်ခဲ့ဘူး။

အမေ့ရင်ခွင်ပြေးဝင်ချင်ပေမယ့်
မိခင်ပျောက်နေတဲ့ ကလေးငယ်တွေ
သားပျောက်နေတဲ့အမေ
ငါလေဘယ်လိုရင်ဆိုင်မလဲ။
အမေ့အတွက်ဝမ်းစာကိုထောက်ပံ့
ဒါပေမယ့် ငါလူညံ့လေ
ငါကြားမြင်နေရ
ငတ်မွတ်ကြတဲ့ ကလေးတွေ
ငါဘာလုပ်ပေးနိုင်သလဲ။
ကျောင်းစာနဲ့ဝေး အိမ်ရိပ်မထွေးတဲ့
ကလေးငယ်တွေများစွာ
ဒါ…ဘယ်သူ့အပြစ်တွေလဲ။
ကံကိုပဲပုံချကြ
ငါတို့အလုပ်နဲ့သက်သေမပြသင့်ဘူးလား။
ဒါကံတဲ့လား
ကံဆိုတာအလုပ်
ငါတို့မလုပ်ခဲ့လို့
ဒီအထွေးတွေရှုပ်နေဆဲ
ဒါတွေ ဆက်အဖြစ်ခံမလား
ရင်နစ်အောင်ဆိုးတဲ့ဘ၀တွေ
နေပူထဲမှာနေ
နေပူမှာသေမလား
ကံကိုမယိုးနဲ့
ဒါ တို့တတ်နိုင်တယ်
ဒါ တို့ပိုင်တဲ့ သမိုင်း
ငါတို့ဝိုင်းလို့ ရေးကြစို့လားကွာ။
ဘယ်သူ့ဘယ်ဝါ့အပြစ်
တို့မနှစ်နဲ့
တို့လူတွေ တို့ချစ်သည်
တို့ပြည်ကိုတို့ချစ်သည်
ပြည်ဖျက်ရန်ကို
တော်လှန်ဖို့ရည်
ငါတို့တွေ သွေးစည်းမည်
ညီညွတ်ကြဖို့ချိန်တန်ပြီ။

ပုဂံဖွားစော

Tuesday, November 11, 2008

စိတ်ဓါတ်

အမှန်တွေး အမှန်ပြော
မှန်သောစကားကို
ငါတို့ဆိုမယ်။
မင်းအမှားမလုပ်ရင်
ငါမှန်လို့မင်းဘာထိခိုက်မလဲ
မင်းရွဲ့တိုင်းငါမစောင်း
မင်းပြောင်းတိုင်းငါမနွဲ့တော့
မင်းငါ့ကိုချုပ်နှောင်
အကျဉ်းထောင်ထဲထည့်
ဟေ့ကောင်
ငါကြောက်မယ်ထင်သလား
မင်းလိုလူယုတ်
အုပ်ချုပ်ခေတ်မှာ
အကျဉ်းထောင်ဆိုတာ
လူမိုက်ထားရာမဟုတ်
မျိုးချစ်တို့ရဲ့
သွားရာလမ်း
ငါတို့အားဖြည့်စခန်းပေါ့
ငါတို့ဘယ်မှာနေနေ
ပြည်သူနဲ့တသားတည်းရှိ
အဲဒီ မင်းသတ်လို့မရတဲ့
ငါတို့ရဲ့စိတ်ဓါတ်
ငါ လာလာသွားသွား
ဘယ်နားနေနေ
ငါ ရှိရှိပျောက်ပျောက်
ငါ့နောက်မှာပြည်သူရှိ
တစ်ဗိုလ်ဆင်းတစ်ဗိုလ်တက်
ဒီတိုက်ပွဲကိုအသက်ဆက်မယ်
ငါတို့နိုင်တဲ့နေ့ရက်ထိ
မင်းဆက်စောင့်ကြည့်
ပြည်သူ့လက်နဲ့
ထိုးတဲ့မော်ကွန်း
သမိုင်းတလျှောက်
ထွန်းပေါက်စေရမယ်။

(မတရားအကျဉ်းကျခံရသောသူအားလုံးအတွက်။)
ပုဂံဖွားစော

ဒဏ်ရာတွေနဲ့လူ

ကြားရတဲ့သတင်းတစ်ပုဒ်
ငါ့အသည်းကိုထုတ်ချင်းဖောက်တဲ့မြှား
ရင်ထဲမှာမိုးတွေရွာနေတယ်
လာသာဝင်ကြည့်ကြ
ဒီလိုအဖြစ်တွေနဲ့ အခါတစ်ရာမက
အနာဟောင်းကိုလာလာဆွတယ်

မလုပ်ကြပါနဲ့
ခံနိုင်ရည်တွေလည်းကျနေပြီ
ဒီလိုသာရှေ့ဆက်နေရင်
ငါတို့နေ့ရက်တွေအမှောင်ကျ
ဒီဘ၀တွေမှာ
အနာဂါတ်ရှာမရဖြစ်တော့မယ်။

မဖိနှိပ်ကြပါနဲ့
ငါ့အားတွေလဲကုန်နေပြီ
တစ်ယောက်ပြီးတစ်ယောက်သွားကြ
ငါဘယ်သူ့ကိုဆက်အားကိုးရမလဲ
ဝိုးတ၀ါးအနာဂါတ်နဲ့
ငါအိမ်ပြန်ရမှာကြောက်လွန်းလို့ပါ

မသတ်ပစ်ကြပါနဲ့
ငါ့စိတ်ဓါတ်တွေကို
ငါဆင်းရဲမှာကိုမကြောက်ပါဘူး
ရိုးသားတဲ့အမှန်တရားနဲ့သာ
ငါ့ကိုရှင်သန်ခွင့်ပေးကြပါ။

မရိုက်ထုတ်ပါနဲ့
ငါဒီမြေမှာနေ
ဒီမြေမှာပဲသေချင်တယ်
ငါ့ဘ၀ငါဖန်တီး
နေပူကြီးထဲမှာဖြစ်ဖြစ်
လွတ်လပ်ခွင့်သာ
ငါ့ကိုပေးပါ။

ပုဂံဖွားစော