Friday, June 5, 2009

၂၀၁၀ ရွေးကောက်ပွဲအလွန် နအဖ ကျဆုံးခန်း

နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ)ရဲ့ ကျဆုံးခန်း အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဗဟိုပြုပြီး စဉ်းစားကြည့် ပါတယ်။ သူက အခရာ မဟုတ်လား။ တခြား အချက်တွေ အများကြီး ရှိနေပေမယ့် အဓိက အချက် နှစ်ချက်ကို သွားတွေ့ပါတယ်။ အာဏာရှင် သဘောတရားနဲ့ စဉ်းစားကြည့်ရင်ပဲ ဖြစ်ဖြစ်၊ အသစ်ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရပဲ ဖြစ်ဖြစ် သန်းရွှေ အပါအ၀င် နအဖဟာ မလွဲမသွေ ကျဆုံးရမှာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ဟာ စစ်အာဏာရှင် စနစ်ကို တရားဝင်စေမယ် ဆိုပေမယ့် ဒီလူတွေနဲ့ ဒီစနစ် ကြောင့်ပဲ စစ်အာဏာရှင်ဟာ အချိန် အခိုက်အတန့်တစ်ခု အပြီးမှာ ပြန်ပြီးကျဆုံး ရမှာ ဖြစ်ပါတယ်။ ပြဿနာက အဲဒီ ကြားကာလ အချိန် အခိုက် အတန့် ကာလက ဘယ်လောက် ကြာမလဲ ဆိုတာပါပဲ။ ဒါကိုတော့ မှန်းရခက်ပါတယ်။ အကြမ်း အားဖြင့်တော့ သန်းရွှေ မရှိတော့တဲ့ နောက်ပိုင်းလို့ ဆိုကြပါစို့။
အာဏာရှင် သဘောတရား အမြင် အာဏာရှင်လို့ ပြောကတည်းက အရာခပ်သိမ်းကို အင်အားသုံးပြီး ဖြေရှင်းတတ်တဲ့ သူ၊ ပြဿနာ တစ်ရပ်ကို ကိုင်တွယ်ရာမှာ ပါးစပ်နဲ့ မပြောပဲ လက်နဲ့ ပြောတတ်တဲ့ သူ၊ လူသားချင်း စာနာမှု မရှိတဲ့ သူတွေကို ပြောတာပါ။ အာဏာရှင်ဟာ သူ့ နောက်လိုက်တွေကို အမြဲ မှိုင်းတိုက်တတ်ပါတယ်။ အမှန်တရားကနေ သွေဖီသွား အောင်လို့ သွေးဆောင် တတ်ပါတယ်။ အမှန်တရားကို မပြပဲ တလွဲကို လက်ညှိုး ထိုးပြပြီး လူတွေကို လမ်းလွှဲတတ်ပါတယ်။ သူ့ကို ထောက်ခံဖို့ အကြောင်းရင်းကို အမြဲ ရှာနေတတ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံဟာ စစ်တပ်ကမှ မအုပ်ချုပ်ရင် ပြိုကွဲ သွားတော့မလိုမျိုး မှိုင်းတိုက်တာ။ ဖက်ဒရယ် စနစ်ဟာ ခွဲထွက်ရေးမူ ဖြစ်တဲ့ အတွက် ပြည်ထောင်စု ပြိုကွဲမယ် ဆိုတာမျိုး။ ဟစ်တလာက ၅% လောက်ပဲ ရှိတဲ့ ဂျူးတွေကြောင့် ၉၅% ရှိတဲ့ ဂျာမန်တွေ မတိုးတက်တာ စသဖြင့် ပေါ့လေ။ တကယ်တော့ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက ဖြစ်တည် နေခဲ့တဲ့ လူမျိုးရေး မယုံကြည်မှုကို ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ ဖြေရှင်းဖို့ ကြိုးစား နေတုန်း မှာ စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ တိုင်းရင်းသား တွေကို ပိုပြီးမခံမရပ် ဖြစ်စေခဲ့ပါ တယ်။ သမိုင်းကို ပြန်ကြည့်ရင် အင်္ဂလိပ်ဟာ အရပ်သား အုပ်ချုပ်ရေးနဲ့ပဲ တစ်စစီ ဖြစ်နေတဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း တစ်ရာလောက် အုပ်ချုပ်သွားပါတယ်။ ကမ္ဘာ ပေါ်မှာ ဘယ်ပြဿနာမဆို အင်အားသုံးလို့ ပြေလည်သွားတာ တစ်ခုမှ မရှိပါဘူး။ စားပွဲဝိုင်းမှာပဲ အဖြေ ရှာခဲ့ရတာပါ။ စစ်ဆိုတာ ရန်ဖက် ခေါင်းဆောင်တွေကို စားပွဲဝိုင်းကို တွန်းပို့ပေးတဲ့ အင်အား တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဖက်ဒရယ်စနစ် ဆိုတာကလည်း အမေရိကန် ပြည်ထောင်စုတို့၊ သြစတေးလျတို့၊ ဆွစ်ဇာလန် နိုင်ငံတို့က ရာစုနှစ်နဲ့ချီပြီး ကျင့်သုံးနေတဲ့ စနစ် ဖြစ်ပါတယ်။ ဒါကြောင့် လမ်းလွဲကြီးကို လိုက်နေရာကနေ အဖြစ်မှန်နဲ့ တဖြည်းဖြည်း ဝေးသွား တဲ့ အချိန်၊ အာဏာရှင်ဟာ မှိုင်းတိုက်လို့ မရနိုင်တော့ လောက်အောင် အဖြစ်မှန်နဲ့ လမ်းလွဲသွားတဲ့ အချိန်မှာ အဲဒီ အာဏာရှင်ရဲ့ ကျဆုံးခန်း စပါတော့တယ်။

နောက်လိုက်တွေရဲ့ အခန်းကဏ္ဍကို ကြည့်ကြရအောင်။ အာဏာရှင်မှာ လက်အောက်ငယ်သား ဆိုတာ ရှိစမြဲပါ။ သူတို့မှာ မျှော်လင့်ချက်ကိုယ်စီ ရှိကြပါ တယ်။ ဒီလက်အောက် ငယ်သားတွေကို မြှောက်စားရာကနေ တစ်ချိန်မှာ သူတို့ ဟာ တန်ခိုး ထွားလာရာကနေ စုပေါင်းပြီး အာဏာရှင်ကို ပြန်ပြီး လွှမ်းမိုးတတ်တဲ့ အလေ့ရှိပါတယ်။ ရှင်းပြပါမယ်။ လက်အောက် ငယ်သား တွေဟာ သူတို့ရဲ့ မျှော်လင့်ချက် သို့မဟုတ် အာဏာရှင်ဆီကနေ သူတို့ လိုချင်တဲ့ အရာတွေ ရှိပါ တယ်။ ဒါတွေကို မဖြည့်စည်းပေးနိုင်တဲ့ တစ်ချိန်ကျရင် အဲဒီ အာဏာရှင်ကို သူတို့ အလိုမရှိတော့ပါ ဘူး။ သန်းရွှေဟာ သူ့လူတွေကို မြှောက်စားထားရပါ တယ်။ ဒီလူစုထဲမှာ သူရ ရွှေမန်း၊ စက်မှု(၁)၀န်ကြီး အောင်သောင်း၊ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး၊ ရဲချုပ်ခင်ရီ၊ တရားသူကြီးချုပ် အောင်တိုးတို့ ပါပါတယ်။ ဆိုကြပါစို့ တကယ်လို့ သန်းရွှေ ကိုယ်တိုင် အမြင်မှန် ရသွားလို့ စစ်တပ်က နောက်ဆုတ်ပေးပြီး ဒီမိုကရေစီ စနစ်ကို အကောင်အထည် ဖေါ်ချင်တယ်ပဲ ဆိုပါစို့၊ ပထမဆုံး သူ့အသက်ကို ရန်ရှာမှာက ဒီနောက်လိုက်တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က သန်းရွှေခေတ်လွန် အာဏာကို မျှော်လင့်နေကြလို့ပါ။ သူတို့ ထင်သလို ဖြစ်မလာ ရင်၊ သူတို့ ပေးဆပ်ခဲ့ရတာနဲ့ မတန်ရင် သန်းရွှေကို ပြန်ပြီး ရန်ရှာကြပါလိမ့်မယ်။ ဒါကြောင့် သန်းရွှေ သေသွားရင် ဒီလူတွေ အကြားမှာ ပြဿနာ တက်ရာကနေ စစ် အုပ်ချုပ်ရေးစနစ် စပြီး ကျဆုံးဖို့ အလားအလာ ရှိပါတယ်။ (ဒီနေရမှာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဦးဆောင်တဲ့ DSA ဗိုလ်သင်တန်းဆင်း အဖွဲ့တွေကို ထည့်တွက်ရပါလိမ့်မယ်။ သန်းရွှေ အဖွဲ့က OTS ကျောင်းဆင်းတွေပါ။ ကြံ့ဖွံ့အဖွဲ့ ထဲမှာလည်း OTS ထွက်တွေက ထိပ်ပိုင်း နေရာတွေကို ယူထားကြပါတယ်။)

နောက်တစ်ချက်က အာဏာရှင်ရဲ့ အနီးကပ် နောက်ကွယ်မှာ အာဏာရှင်ကို ဖြုတ်ချချင်နေတဲ့ လူတွေ ရှိစမြဲပါ။ ဒီလူတွေက သန်းရွှေကို အကြီးအကျယ် ထောက်ခံနေရတဲ့ အကြောင်းကလည်း သူတို့ တန်ခိုးထွားချင်လို့ ဖြစ်ပါတယ်။ လောလောဆယ် သူတို့ရတဲ့ တန်ခိုးက သန်းရွှေဆီက လာတာပါ။ သူတို့ ဘယ်လောက်တောင် အပြိုင်အဆိုင် တန်ခိုး ထွားချင်ကြသလဲ ဆိုရင် သန်းရွှေ ထက်တောင် ကျော်ပြီး တန်ခိုးထွားဖို့ အမြဲကြိုးစားနေကြပါတယ်။ ပခုံးချင်း ယှဉ်ဖို့ အမြဲ ကြိတ်ကြံနေတတ်ပါတယ်။ သန်းရွှေက သူတို့ကို တစ်ဖက်က မြှောက်စား ရင်း တစ်ဖက်က သူတို့ရဲ့ အာဏာပါဝါတွေ သူ့ကို ကျော်မသွားအောင်လို့ ပြန်ညှိ ရပါတယ်။ သူတို့ သန်းရွှေနဲ့ အနီးကပ် နေနေရတဲ့ အကြောင်းရင်း ကိုယ်၌က သန်းရွှေလို အာဏာရှင် ဖြစ်ချင်လို့ပါပဲ။ ဒါကြောင့် ကိုယ့်ရှေ့ကလူ မြန်မြန် ကြွလေ သူတို့ ကြိုက်လေပါပဲ။ သန်းရွှေက ဒီအချက်ကို ကောင်းကောင်း သိပါ တယ်။ ဒါကြောင့် သန်းရွှေဟာ သူ့မိသားစုက လွဲလို့ ဘယ်သူ့ကိုမှ မယုံတာပေါ့။ သန်းရွှေသေရင်၊ သန်းရွှေမှာ အာဏာ မရှိတော့ဘူး ဆိုရင် ဒီလူတွေ ကြားထဲမှာ ဘာတွေဖြစ်လာမလဲ…
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သဘောတရား အမြင်
၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ သန်းရွှေရဲ့ ကံကြမ္မာဟာ လွှတ်တော်နဲ့ စစ် ဦးစီးချုပ်ကို သူဘယ်လောက် လွှမ်းမိုးနိုင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ အာဏာရလာတဲ့ သမ္မတ၊ စစ်ဦးစီးချုပ်ဟာ စစ်တပ်ရဲ့ ကြီးနိုင် ငယ်ညှင်း တောတွင်း ဥပဒေသ (Law of the jungle) အရ လူလားမြောက်လာသူ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ သန်းရွှေကို မခန့်လေးစား လုပ်လာပါ့လိမ့်မယ်။ သန်းရွှေကိုယ်တိုင် နေ၀င်းကို ပြန်ဖမ်း သေးတာပဲ မဟုတ်လား။ ပြီးရင် ၂၀၁၀ နောက်ပိုင်း အာဏာ ရလာသူဟာ သန်းရွှေကို ဖမ်းပြလိုက်ရင် ဘာပဲဖြစ်ဖြစ် ကမ္ဘာက သူ့ကို အာရုံစိုက် လာပါလိမ့်မယ်။ သူရဲကောင်းလို့ အနည်းဆုံး အခိုက်အတန့် တစ်ခုအထိတော့ အထင်ခံရနိုင်ပါတယ်။ တနည်းအားဖြင့် ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ယုံကြည် လေးစားမှုနဲ့ ထောက်ခံမှုကို ရအောင်လို့ သန်းရွှေကို ချနင်းလို့ ရပါတယ်။

နောက်တစ်ချက်က အစိုးရသစ်ထဲမှာ စစ်ဦးစီးချုပ်နဲ့ သမ္မတတို့ရဲ့ လွန်ဆွဲပွဲကို တွေ့ရဖို့ ရှိပါတယ်။ နှစ်ယောက်စလုံးက စစ်တပ်က လူတွေချည်းပါပဲ။ သမ္မတ က စစ်တပ်ဝါအရ ကြီးပါတယ်။ ဖွဲ့စည်းပုံအရ စစ်တပ်ထဲမှာ အာဏာ သိပ်မရှိပဲ သူ့အာဏာ အများစုက အစိုးရ အုပ်ချုပ်ရေးဘက်မှာ ရှိပါတယ်။ စစ်ဦးစီးချုပ်က စစ်တပ်ဝါအရ ငယ်ပေမယ့် လက်ရှိ စစ်တပ်မှာ အာဏာ အပြင်းဆုံးပါ။ အစိုးရ အုပ်ချုပ်ရေး ဘက်မှာလည်း ၀င်စွက်ဖက်ခွင့် ရှိပါတယ်။ အာဏာနဲ့ ပါတ်သက် လာရင် အမိန့်တွေနဲ့ ဘ၀ကို တည်ဆောက်လာကြတဲ့ ဒီလူနှစ်ယောက်ဟာ ညှိနှိုင်းဆွေးနွေးမှု အားဖြင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တည်ဆောက် နိုင်ကြပါ့မလား။ စစ်တပ် ထုံးစံနဲ့ အာဏာရှင် ထုံးစံတွေအရ ဘယ်သူက ပါဝါပိုပြင်း တယ် ဆိုတာ ပြကြရမှာ ဖြစ်တဲ့အတွက် ဒီနှစ်ယောက်ဟာ အလျှော့ပေးကြမှာ မဟုတ်ပဲ အားပြိုင်ကြရာကနေ စစ်အုပ်ချုပ်ရေးကို ထိခိုက်ပြိုပျက်စေမှာ ဖြစ်ပါ တယ်။
အခု တင်ပြ ဆွေးနွေးခဲ့တာတွေရဲ့ ကြားထဲမှာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်ပါသေးတယ်။ လက်ရှိအခြေအနေကို ကြည့်ပြီး သုံးသပ်ထားတာပါ။ အခု တင်ပြ ဆွေးနွေးမှုကို သွေဖီသွားနိုင်တဲ့ အချက်တွေ အများကြီး ရှိနေနိုင် ပါသေး တယ်။ ဥပမာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အခန်းကဏ္ဍ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ၊ ကြံ့ဖွံ့ရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတကာရဲ့ တုန့်ပြန်မှု စသဖြင့် ထည့်တွက်လိုက်ရင် အဖြေက အမျိုးမျိုး ရှိနေနိုင်ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အာဏာရှင်ဆိုတာ မတည်မြဲပဲ နောက်ဖေး ခွေးတိုးပေါက်ကနေ တစ်ဆင့် လူ့လောကကို စွန့်ခွာသွားကြရစမြဲပါ။ ♦

ဝင်းထွန်း


(အကိုတယောက်ရဲ့အမြင်ကို တင်ပြပေးခြင်းဖြစ်ပါသည်)
ဖွားစော

Monday, January 5, 2009

ညီညွတ်ချိန်တန်ပြီ

လွမ်းတယ် လွမ်းတယ်လို့
မြည်တမ်းနေလည်း
အိမ်ပြန်ရမှာကြောက်တယ်။
ပြန်ချင်တိုင်းပြန်ခွင့်မရတဲ့သူတွေအတွက်
အခွင့်အရေးမယူရက်ခဲ့ဘူး။

အမေ့ရင်ခွင်ပြေးဝင်ချင်ပေမယ့်
မိခင်ပျောက်နေတဲ့ ကလေးငယ်တွေ
သားပျောက်နေတဲ့အမေ
ငါလေဘယ်လိုရင်ဆိုင်မလဲ။
အမေ့အတွက်ဝမ်းစာကိုထောက်ပံ့
ဒါပေမယ့် ငါလူညံ့လေ
ငါကြားမြင်နေရ
ငတ်မွတ်ကြတဲ့ ကလေးတွေ
ငါဘာလုပ်ပေးနိုင်သလဲ။
ကျောင်းစာနဲ့ဝေး အိမ်ရိပ်မထွေးတဲ့
ကလေးငယ်တွေများစွာ
ဒါ…ဘယ်သူ့အပြစ်တွေလဲ။
ကံကိုပဲပုံချကြ
ငါတို့အလုပ်နဲ့သက်သေမပြသင့်ဘူးလား။
ဒါကံတဲ့လား
ကံဆိုတာအလုပ်
ငါတို့မလုပ်ခဲ့လို့
ဒီအထွေးတွေရှုပ်နေဆဲ
ဒါတွေ ဆက်အဖြစ်ခံမလား
ရင်နစ်အောင်ဆိုးတဲ့ဘ၀တွေ
နေပူထဲမှာနေ
နေပူမှာသေမလား
ကံကိုမယိုးနဲ့
ဒါ တို့တတ်နိုင်တယ်
ဒါ တို့ပိုင်တဲ့ သမိုင်း
ငါတို့ဝိုင်းလို့ ရေးကြစို့လားကွာ။
ဘယ်သူ့ဘယ်ဝါ့အပြစ်
တို့မနှစ်နဲ့
တို့လူတွေ တို့ချစ်သည်
တို့ပြည်ကိုတို့ချစ်သည်
ပြည်ဖျက်ရန်ကို
တော်လှန်ဖို့ရည်
ငါတို့တွေ သွေးစည်းမည်
ညီညွတ်ကြဖို့ချိန်တန်ပြီ။

ပုဂံဖွားစော

Sunday, January 4, 2009

လွတ်လပ်ရေးနေ့အတွေး

အခုတလောမှာ ခဏခဏကိုပြန်ရွတ်ဖြစ်နေတဲ့ ကဗျာတစ်ပုဒ်ရှိပါတယ်။ ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်”ဆိုတဲ့ကဗျာပါ။

သြော် လူပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ သေရဦးမည်
မှန်ပေသည်တည့်

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏
သင်ဦးချ၍အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။

ကျွန်မအမြဲစဉ်းစားပါတယ်။ ငါတိုင်းပြည်တိုးတက်ဖို့ ငါဘာများလုပ်ပေးနိုင်မလဲ။ ပြည်သူလူထုအတွက်လုပ်ပေးနိုင်သလောက်တော့၊ ကိုယ်ကူညီနိုင်သလောက်ကူညီခဲ့ဖူးပါတယ်။ ဒါပေမယ့်ဒီအသက်အရွယ်နဲ့ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ပေး နိုင်သေးတာတော့အမှန်ပဲ။ ကိုယ့်မိသားစုမျက်နှာကိုလည်းကြည့်နေရတော့ စိတ်ထင်တိုင်းဘာမှမလုပ်နိုင်ခဲ့ဘူး။ ဗိုလ်ချုပ်တို့ ရှေ့ကခေါင်းဆောင်တွေကလွတ်လပ်ရေးတိုက်ပွဲဝင်ပြီး တိုင်းပြည်အတွက်တာဝန်ကျေခဲ့ကြတယ်။ အခု ကျွန်မတို့လူငယ်တွေခေတ်မှာ ကျွန်မတို့ဘာလုပ်ကြမှာလဲ။ ဒီအတိုင်းပဲဆက်ပြီးနေကြမယ်ဆိုရင် ကျွန်မတို့ရဲ့နောက်လာမယ့် မျိုးဆက်တွေလည်း ဒီစနစ်ဆိုးအောက်မှာခေါင်းငုံ့ပြီးခံနေကြရတော့မယ်။ ဘာလုပ်ကြမလဲ။ ဘာလုပ်ကြမလဲ။ ဒါပဲနေ့တိုင်းကျွန်မတွေးတယ်။ ပြည်သူလူထုတွေရဲ့ ညီညွတ်မှုအင်အားကို ပြဖို့အချိန်တန်ပြီလို့ထင်တယ်။ ကျွန်မ မသေခင်မှာတော့ကျွန်မတို့နိုင်ငံကြီးပြောင်းလဲတိုးတက်လာတာ၊ ပြည်သူတွေ အကြောက်အလန့်ကင်းကင်းနေထိုင်ရတဲ့ဘ၀ကိုရောက်ချင်လိုက်တာ။

Friday, January 2, 2009

သူတို့ကိုဒီလိုပြောချင်တယ်

ကျွန်မက မြန်မာလူမျိုးဖြစ်ရတာကို ငယ်ငယ်တည်းက ဂုဏ်ယူခဲ့တဲ့သူပါ။ အခုဒီမှာကျောင်းလာတက်တဲ့အခါ မြန်မာ ဖြစ်ရတာရှက်တယ်ဆိုတဲ့လူစားမျိုးတွေကိုတွေ့လာရပါတယ်။ ကျွန်မသူတို့ကို အပြစ်မတင်ပါဘူး။ ဒါပေမယ့် မြန်မာဖြစ်ရတာရှက်တယ်ဆိုရင် အတိအလင်းသာတခြားနိုင်ငံသားခံယူလိုက်ကြပါလို့ပဲ ပြောချင်ပါတယ်။ မြန်မာဖြစ်ရတာရှက်လွန်းလို့ဆိုပြီး လိုက်ငြီးငြူမနေကြပါနဲ့။ ကျွန်မမလေးရှားသွားတုန်းက မြန်မာအလုပ်သမားတွေ အများကြီးတွေ့ခဲ့ပါတယ်။ အများစုကအောက်ခြေအလုပ်သမားတွေပါ။ ကျွန်မတို့ငှားစီးတဲ့ တက္ကစီဒရိုင်ဘာကအစ ဗမာဆိုတာသိတော့ နှိမ်သလိုစကားပြောချင်တယ်။ ဗမာအများစုက စားပွဲထိုးတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေဆို တာမျိုးတွေပြောတယ်။ ကျွန်မကဘာမှပြန်မပြောလိုက်ပါဘူး။ ကျွန်မတို့လူမျိုးတွေ ဒီလိုဘ၀ရောက်ရတာ ကိုယ်စွမ်းကိုယ်စတုံးလို့မဟုတ်ဘူးဆိုတာ နိုင်ငံတကာကသိပါတယ်။ ကျွန်မတို့မတတ်သာလွန်းလို့ ဒီလိုအခြေအနေအရောက်ခံနေရတယ်ဆိုတာ။ ကျွန်မအတွက်တော့ ဘယ်နိုင်ငံပဲသွားသွား မြန်မာလူမျိုးလို့
အသိခံရမှာကိုမရှက်ဘူး။ မြန်မာစကားပြောရမှာမရှက်ဘူး။ ကိုယ်နိုင်ငံရဲ့စာပေအရင်းအမြစ်ဘယ်ကပဲလာလာ၊ ပျူဘာသာ၊ မွန်ဘာသာ၊ ပါဠိဘာသာတွေကတီထွင်ထားတယ်ဆိုလည်း ကျွန်မတို့မှာ ဘာသာစကား အတိအကျရှိတယ်၊ သမိုင်းကြောင်းခိုင်မာတယ်။ နိုင်ငံတော်တော်များများရဲ့ ဘာသာစကားတွေထက်ကျွန်မတို့ ဘာသာစကားက အသံစုံတယ်။ စာပေမှာလည်း သဒ္ဒါသတ်သတ်မှတ်မှတ်ရှိတယ်။ တချို့ကျွန်မတွေ့ဖူးပါတယ်။ မြန်မာလူမျိုးလို့ ခံယူထားတယ်။ မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ထားတယ်။ ဒါပေမယ့် သူတို့ကလူမျိုးခြားသွေးပါတယ်။ အဲဒီအခါကျတော့ သူတို့မှာဘိုးဘွားတွေကမြန်မာနိုင်ငံကိုရောက်လာပြီး အခြေချကြလို့ မြန်မာဖြစ်နေရတာကို မဖြစ်ချင်သလို စိတ်ညစ်သလိုပြောကြတယ်။ ကျွန်မသူတို့ကို မေးလိုက်ချင်တယ်။ ရှင်တို့ရဲ့အဘိုးအဘွားတွေက တခြားနိုင်ငံတွေကိုသွားစရာရှိရက်သားနဲ့ ဘာလို့မြန်မာနိုင်ငံကိုမှလာခဲ့လဲ။ ရှင်တို့ရဲ့နေရင်းနိုင်ငံတွေမှာရော ဘာလို့ဆက်မနေကြသလဲ။ တရုတ်ပြည်မှာကွန်မြူနစ်တွေရဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲတွေကလွတ်အောင် ပြေးလာတဲ့လူတွေ၊ အန္ဒိယကနေမြန်မာနိုင်ငံကို ကိုလိုနီခေတ်မှာအလုပ်ရှာဖို့ရောက်လာကြသူတွေ။ မြန်မာနိုင်ငံအခြေအနေကသူတို့နိုင်ငံထက်အေးချမ်းသာယာလို့ ရောက်လာခဲ့တာမဟုတ်ဘူးလား။ မြန်မာနိုင်ငံမှာ ငတ်သေတဲ့မသာလို့မရှိသေးဘူး။ အခုလူတွေဘယ်လောက်ငတ်နေတယ်လို့ပြောဦး။ မြန်မာနိုင်ငံမှာ ထမင်းငတ်တယ်ဆိုတာ တခြားနိုင်ငံတွေကထမင်းငတ်တယ်ဆိုတာထက်တော့ သာသေးတယ်။ မြန်မာလူမျိုးတွေက ရိုင်းပင်းတယ်၊ ကူညီတယ်။ ဒါတွေကြောင့် သူတို့ဘိုးဘွားတွေရောက်လာကြတာမဟုတ်ဘူးလား။ အေး ဘယ်လိုနည်းနဲ့ပဲ ရောက်လာရောက်လာ မြန်မာနိုင်ငံရောက်လာပြီဆိုရင်တော့ မြန်မာနိုင်ငံသားလို စိတ်မွေးနိုင်ရင်မွေးပေါ့။ မြန်မာနိုင်ငံကိုမချစ်နိုင်ဘူးဆိုရင် ကိုယ့်ဘိုးဘွားတွေလာခဲ့တဲ့ မူရင်းနိုင်ငံကိုတစ်ခေါက်လောက် ပြန်ကြည့်လိုက်စေချင်တယ်။ ၀မ်းပန်းတသာကြိုဆိုကြမယ်လို့များထင်ကြသလား။ အဲဒီလိုထင်လို့ပြန်ချင်ရင်လည်း ပြန်လိုက်ကြစမ်းပါ။ လူတကာအထင်ကြီးအောင်ကိုယ်ရဲ့ဇစ်မြစ်ကဒီကလာတာပါဆိုပြီး
လှန်ပြမနေကြပါနဲ့တော့။ မြန်မာမှတ်ပုံတင်ကြီးကိုင်ပြီး မြန်မာဖြစ်ရတာရှက်တယ်လို့အော်နေတာကမှရှက်ဖို့ ကောင်းလှပါပြီ။

Saturday, December 27, 2008

ရေးမိတွေးရာ

စာမေးပွဲပြီးလို့ ကျောင်းတစ်လပိတ်ရင် ကဗျာတွေ၊ စာတွေရေးမယ်လို့အားခဲထားသမျှတကယ်တမ်းကျ ခရီးတွေပဲသွားဖြစ်နေပြီး ဘာမှမရေးဖြစ်ဘူး။ ရေးဖြစ်တဲ့နည်းနည်းလေးကလည်းတခြားဘလော့မှာပဲတင်ဖြစ်တယ်။ ဒီရက်ပိုင်းမှာ စိတ်တွေကလည်းထွေနေတယ်။ ဘာလုပ်ရမလဲစဉ်းစားလို့မရတဲ့အခြေအနေ။ ခရစ္စမတ်နဲ့ New Year ကိုသူများတွေလိုဘယ်လိုဆင်နွှဲမယ်မစဉ်းစားထားဘူး။ မနေ့ကတော့ သူငယ်ချင်းတစ်ယောက်ကဖိတ်လို့ သူ့အိမ်ကိုပဲ ခရစ္စမတ်ပါတီသွားဖြစ်တယ်။ ၂၀၀၉ ကရောက်တော့မယ်။ တစ်နှစ်ထက်တစ်နှစ်အသက်ကြီးလာတယ်။ အချိန်တွေတရွေ့ရွေ့နဲ့ကုန်သွားပြန်တယ်။ အခုထိတော့ဘာမှအပြောင်းအလဲကမဖြစ်လာသေးဘူး။ ၂၀၁၀ဆိုပဲ ရွေးကောက်ပွဲကလုပ်တော့မယ်။ NLD ကလည်းရွေးကောက်ပွဲမ၀င်ဘူးလို့ပြောနေတုန်းပဲ။ NLD ကရွေးကောက်ပွဲ မ၀င်လို့ နအဖဘက်ကပါတီအများစုကအနိုင်ရသွားရင်အခြေအနေက ထူးမခြားနားပဲဖြစ်နေအုန်းမှာပဲ။ ကျွန်မကတော့ နိုင်ငံရေးကိုသိပ်နားမလည်လှပေမယ့် NLD ရွေးကောက်ပွဲကိုဝင်စေချင်တယ်။ တိုင်းရင်းသားအဖွဲ့တွေ နဲ့ပေါင်းပြီးမဲတစ်ဝက်စီနဲ့ပဲဖြစ်ဖြစ် အနိုင်ရသွားရင် အခြေအနေကိုတဖြည်းဖြည်းပြောင်းယူလို့ရမယ်ထင်တာပဲ။ မြန်မာနိုင်ငံ အနေအထားက လောလောလတ်လတ်ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ဆိုတာမဖြစ်နိုင်သေးပေမယ့် တဖြည်းဖြည်းချင်းပြောင်းလဲယူရင်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် မတရားမှုတွေဆက်မဖြစ်ဖို့နဲ့ အာဏာရှင်စနစ်ပပျောက် သွားဖို့ကိုပဲ အခုချိန်မှာဦးစားပေးလုပ်သင့်တယ်ထင်တာပဲ။ ဒီရက်ပိုင်းမှာဖတ်ရတဲ့စာတွေ၊ ဘလော့တွေအရ ထိုင်းအခြေစိုက် မြန်မာအရေးလှုပ်ရှားနေတဲ့အဖွဲ့တွေကိုလည်း အလှုရှင်တွေ၊ ထိုင်းအစိုးရဘက်တွေကသိပ်သဘော မတွေ့တဲ့ပုံစံမျိုးတွေဖတ်လာရတယ်။ ဘယ်သူ့အပြစ်၊ ဘယ်ဝါ့အပြစ်ဆိုတာတွေလည်း ပြောမနေချင်တော့ပါဘူး။ ခေါင်ကမှမလုံတဲ့အိမ်မှာ မိုးယိုတာဘာဆန်းလဲ။ ကိုယ့်ဘာသာကိုယ်တိုင်းပြည်ဘာဖြစ်နေနေ ငါတို့နေလို့ရပြီး နေတာပဲဆိုတဲ့လူတွေလည်းရှိတာပဲ။ မြန်မာ့အရေးကို ကိုယ့်ကိုယ်ကျိုးစွန့်ပြီးလှုပ်ရှားနေသူတွေရှိသလို မြန်မာ့အရေး ကိုခေါင်းစဉ်တပ်ပြီး ကားစီး၊ တိုက်ဆောက်ဖို့ကြံနေတဲ့သူတွေလည်းရှိတာပဲ။ ထားလိုက်ပါတော့။ ဘာတွေထပ်ဖြစ်လာ ဦးမှာလဲဆိုတာပဲစောင့်ကြည့်နေရတယ်။ ကိုယ်တိုင်တောင်ကိုယ်ကျိုးမစွန့်နိုင်သေးဘူး။ သူများတွေလုပ်နေတာကိုပဲ ဘေးကလက်ခုပ်တီးနေရတဲ့အခြေအနေ။ ဒီကြားထဲကိုယ့်ဘာသာ စိတ်ထဲမှာခံစားရတာလေးတွေကို ကဗျာလေး၊ စာလေးရေးနေတာတောင်အသားလွတ်နေ စီဘောက်စ်ထဲလာပြီးဝင်ဆဲချင်တဲ့ နအဖအလိုတော်ရိသူတောင်းစားများ ကရှိသေးတာ။ ဘာပဲဖြစ်ဖြစ် ကိုယ်ရေးတဲ့စာတွေကိုလာဖတ်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ စိတ်ကူးရရင်စာတွေပြန်ရေးဖြစ်မှာပါလို့။ ဒီကနေပဲ အားလုံးကို Happy New Year ဖြစ်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ ပျော်ရွှင်ကြပါစေ။
ပုဂံဖွားစော

Wednesday, December 3, 2008

ပြောမပြောချင်တော့ပါဘူး

ဒီရက်ပိုင်းမှာ ကျောင်းကိစ္စတွေရှုပ်နေတာနဲ့ပဲ အသစ်ဘာမှမရေးဖြစ်ဘူး။ ဒါပေမယ့် ဒီနေ့မှ Google မှာသီချင်းရှာရင်းနဲ့ Opposite Eye ရဲ့ ဘလော့ကိုရောက်သွားတယ်။ “ပြည်တွင်းမုန်တိုင်းနဲ့ ပြည်ပမုန်တိုင်း” ဆိုတဲ့ post ကိုရောက်သွားတာပါ။ ဒီလင့်မှာသွားဖတ်လို့ရပါတယ်။ http://oppositeyes.blogspot.com/2008/05/blog-post_08.html
ဖတ်ပြီးလို့ဒေါသတွေအလိပ်လိုက်ထွက်လာမှာတော့စိုးရတယ်။ ကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင်ရင်တော့သွားပေါ့။ တော်ကြာ ရုရှားလိုက်ပြီးလူသတ်ချင်စိတ်တွေပေါ်လာမှာစိုးလို့။ သူတင်ထားတော့ကြာပါပြီ။ ဒါပေမယ့် ရေးထားတာတွေကတကယ့်ကို ဖော်လံဖား၊ ဖတ်ရတာလေ ဟိုပုံပြင်ထဲကလို ဘာမှဝတ်မထားတဲ့ ဘုရင်ကို အရှင်ဘုရားဝတ်လဲတော်ကအရမ်းလှတယ်ဘုရားဆိုတဲ့အချိုး။ မျက်စိစုံမှိတ်၊ အပြစ်လွတ်ရင်ပြီးရော၊ ကိုယ်စားသာရင်ပြီးရော ဆိုတဲ့ဒီဇိုင်းနဲ့စွတ်ရွတ်ကိုတင်နေတော့တာပဲ။ မပြောတော့ဘူးဆိုပေမယ့်လည်း comment တော့ပေးခဲ့သေးတယ်။ ဒါပေမယ့် သူက comment တွေကို moderate လုပ်ပြီးမှလက်ခံမယ်တဲ့။ မဟုတ်တာလုပ်တဲ့သူဆိုတော့ သူများဆဲမှာကြောက်တယ်ထင်တယ်။ လောလောဆယ် အသစ်ရေးဖို့လဲအချိန်မပေးနိုင်ပေမယ့် အဲဒီမှာပေးခဲ့တယ့် comment ကိုပဲပြန်ကူးပေးလိုက် တယ်။ ဒီအကြောင်းအရာကိုပဲ သူများတွေကိုသိစေချင်တာမို့လို့ပါ။

“အစတုန်းကတော့ ၀င်မပြောဘဲနေမလို့ဘဲ။ ဒါပေမယ့် ပြောစရာလေးတစ်ခုရှိလာလို့။ ဖြစ်ပြီးတဲ့ တခြားအရာတွေအားလုံးကို ထားလိုက်မယ်ဆို ရင်တောင် အားလုံးလည်း သိပ်မသိသေးတဲ့ အကြောင်းအရာတစ်ခု ရှိနေသေးတယ်။ အဲဒါဘာလဲ ဆိုတာ ကိုပြောပြမယ်။ UN, ICRC နဲ့ တခြား NGO ကလူတွေ တော်တော်များများလည်း ဒီအကြောင်း ကိုသိနေကြပြီ။ ဧရာဝတီတိုင်း အောက်ဘက်က ကရင်ရွာတွေတော်တော်များများက ရွာလုံးကျွတ်မုန်တိုင်းမှာ ပျောက်ကုန်ကြတယ်။ တော်တော်ကို ကံကောင်းလို့ မသေကြတဲ့ ရွာသူရွာသားတွေဟာ ကယ်ဆယ်ရေးစခန်း တွေကိုမသွားရဲဘူး။ ဘာလို့လဲဆိုတော့ စစ်တပ်က အဲဒီလူတွေကိုတွေ့ရင် အပျောက်ရှင်းပစ်နေလို့ပဲ။ ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေရဲ့ ပြောပြချက်အရ ဒါတွေကိုကိုယ်တို့ပြန်သိရတယ်။ သေဘေးက ကံသီလို့ လွတ်လာတဲ့သူတွေကတော့ အကြောင်းမဲ့သက်သက်ညာပြောမယ်ထင်သလား။ မင်းတို့တွေးကြည့်နော်။ နအဖ သိပ်တော်တယ်။ သူတို့ထိုင်ခုံကိုမြဲအောင်လုပ်တဲ့နေရာမှာ ဘယ်လိုနည်းမဆိုသူတို့သုံးတာ။ အဲဒီကရင်ရွာတွေက အရင်တုန်းက ကွန်မြူနစ်နယ်မြေ။ ကွန်မြူနစ်တွေကိုထောက်ခံခဲ့တယ်။ အခုမုန်တိုင်းက သူတို့ရဲ့အတိုက်အခံကို သူတို့ရှင်းစရာမလိုဘဲ ရှင်းပစ်တာ သူတို့သိပ်ကြိုက်တာပေါ့။ နအဖရဲ့ သိပ်တော်တဲ့ လူသတ်ဗျူဟာတွေပေါ့ကွယ်။ နအဖကို ဘုရားလိုကိုးကွယ်နေတဲ့ကောင်တွေကရော ဒီလိုလူသတ်ဗျူဟာတွေကိုလည်း အားပေးနေတာပဲ လားတော့ နားမလည်နိုင်တော့ဘူး။ မင်းတို့တွေးကြည့် နော်။ အဲဒီရွာတွေ ရွာလုံးကျွတ်ပျောက်ကုန်ဦးတော့၊ ကိုယ်တို့ တခြားဒေသကလူတွေကမသိနိုင်ဘူး။ အဲဒီရွာတွေက မြေပုံပေါ်မှာရှာလည်းမတွေ့နိုင်ဘူးလေ။ ဘယ်သူမှမသိလိုက်ဘဲ ဒီရွာတွေမြန်မာမြေပုံပေါ်က လွတ်သွားမယ့်အခွင့်အရေးကို နအဖကဘယ်အလွတ် ခံချင်မလဲ။ ကျန်နေရင်ရှင်းပစ်ပေါ့။ တစ်နိုင်ငံလုံးက ၀မ်းနည်းပူဆွေးနေတဲ့အချိန်မှာ သူတို့ကမဲဆွယ်တာကို မလျှော့ဘူး။ လူတွေက ဒေါသထွက်တယ်။ လူတွေရဲ့ အာရုံက အဲဒီကိုစုပုံရောက်နေတဲ့အချိန် တဘက်မှာ သူတို့လူသတ်ပွဲတွေဆင်နွှဲနေတယ်။ ကိုယ်ကတော့ ဒီပိုစ့်တင်တဲ့သူကို သူများတွေမေးပြီးသား မေးခွန်းပဲထပ်မေးချင်တယ်။ “မင်းအမျိုးအဆွေ သူငယ်ချင်း ဘယ်နှစ်ယောက်မုန်တိုင်းမှာ ပါသွားသလဲ” လို့။ ”

အဲဒါကိုယ်သူ့ကိုပေးခဲ့တဲ့ comment ပါ။ မပြောချင်ပေမယ့် ပြောစရာအကြောင်းတွေပေါ်ပေါ်လာတော့ ပြောနေရတယ်။

Tuesday, November 11, 2008

စိတ်ဓါတ်

အမှန်တွေး အမှန်ပြော
မှန်သောစကားကို
ငါတို့ဆိုမယ်။
မင်းအမှားမလုပ်ရင်
ငါမှန်လို့မင်းဘာထိခိုက်မလဲ
မင်းရွဲ့တိုင်းငါမစောင်း
မင်းပြောင်းတိုင်းငါမနွဲ့တော့
မင်းငါ့ကိုချုပ်နှောင်
အကျဉ်းထောင်ထဲထည့်
ဟေ့ကောင်
ငါကြောက်မယ်ထင်သလား
မင်းလိုလူယုတ်
အုပ်ချုပ်ခေတ်မှာ
အကျဉ်းထောင်ဆိုတာ
လူမိုက်ထားရာမဟုတ်
မျိုးချစ်တို့ရဲ့
သွားရာလမ်း
ငါတို့အားဖြည့်စခန်းပေါ့
ငါတို့ဘယ်မှာနေနေ
ပြည်သူနဲ့တသားတည်းရှိ
အဲဒီ မင်းသတ်လို့မရတဲ့
ငါတို့ရဲ့စိတ်ဓါတ်
ငါ လာလာသွားသွား
ဘယ်နားနေနေ
ငါ ရှိရှိပျောက်ပျောက်
ငါ့နောက်မှာပြည်သူရှိ
တစ်ဗိုလ်ဆင်းတစ်ဗိုလ်တက်
ဒီတိုက်ပွဲကိုအသက်ဆက်မယ်
ငါတို့နိုင်တဲ့နေ့ရက်ထိ
မင်းဆက်စောင့်ကြည့်
ပြည်သူ့လက်နဲ့
ထိုးတဲ့မော်ကွန်း
သမိုင်းတလျှောက်
ထွန်းပေါက်စေရမယ်။

(မတရားအကျဉ်းကျခံရသောသူအားလုံးအတွက်။)
ပုဂံဖွားစော