Friday, June 5, 2009

၂၀၁၀ ရွေးကောက်ပွဲအလွန် နအဖ ကျဆုံးခန်း

နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ)ရဲ့ ကျဆုံးခန်း အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဗဟိုပြုပြီး စဉ်းစားကြည့် ပါတယ်။ သူက အခရာ မဟုတ်လား။ တခြား အချက်တွေ အများကြီး ရှိနေပေမယ့် အဓိက အချက် နှစ်ချက်ကို သွားတွေ့ပါတယ်။ အာဏာရှင် သဘောတရားနဲ့ စဉ်းစားကြည့်ရင်ပဲ ဖြစ်ဖြစ်၊ အသစ်ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရပဲ ဖြစ်ဖြစ် သန်းရွှေ အပါအ၀င် နအဖဟာ မလွဲမသွေ ကျဆုံးရမှာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ဟာ စစ်အာဏာရှင် စနစ်ကို တရားဝင်စေမယ် ဆိုပေမယ့် ဒီလူတွေနဲ့ ဒီစနစ် ကြောင့်ပဲ စစ်အာဏာရှင်ဟာ အချိန် အခိုက်အတန့်တစ်ခု အပြီးမှာ ပြန်ပြီးကျဆုံး ရမှာ ဖြစ်ပါတယ်။ ပြဿနာက အဲဒီ ကြားကာလ အချိန် အခိုက် အတန့် ကာလက ဘယ်လောက် ကြာမလဲ ဆိုတာပါပဲ။ ဒါကိုတော့ မှန်းရခက်ပါတယ်။ အကြမ်း အားဖြင့်တော့ သန်းရွှေ မရှိတော့တဲ့ နောက်ပိုင်းလို့ ဆိုကြပါစို့။
အာဏာရှင် သဘောတရား အမြင် အာဏာရှင်လို့ ပြောကတည်းက အရာခပ်သိမ်းကို အင်အားသုံးပြီး ဖြေရှင်းတတ်တဲ့ သူ၊ ပြဿနာ တစ်ရပ်ကို ကိုင်တွယ်ရာမှာ ပါးစပ်နဲ့ မပြောပဲ လက်နဲ့ ပြောတတ်တဲ့ သူ၊ လူသားချင်း စာနာမှု မရှိတဲ့ သူတွေကို ပြောတာပါ။ အာဏာရှင်ဟာ သူ့ နောက်လိုက်တွေကို အမြဲ မှိုင်းတိုက်တတ်ပါတယ်။ အမှန်တရားကနေ သွေဖီသွား အောင်လို့ သွေးဆောင် တတ်ပါတယ်။ အမှန်တရားကို မပြပဲ တလွဲကို လက်ညှိုး ထိုးပြပြီး လူတွေကို လမ်းလွှဲတတ်ပါတယ်။ သူ့ကို ထောက်ခံဖို့ အကြောင်းရင်းကို အမြဲ ရှာနေတတ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံဟာ စစ်တပ်ကမှ မအုပ်ချုပ်ရင် ပြိုကွဲ သွားတော့မလိုမျိုး မှိုင်းတိုက်တာ။ ဖက်ဒရယ် စနစ်ဟာ ခွဲထွက်ရေးမူ ဖြစ်တဲ့ အတွက် ပြည်ထောင်စု ပြိုကွဲမယ် ဆိုတာမျိုး။ ဟစ်တလာက ၅% လောက်ပဲ ရှိတဲ့ ဂျူးတွေကြောင့် ၉၅% ရှိတဲ့ ဂျာမန်တွေ မတိုးတက်တာ စသဖြင့် ပေါ့လေ။ တကယ်တော့ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက ဖြစ်တည် နေခဲ့တဲ့ လူမျိုးရေး မယုံကြည်မှုကို ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ ဖြေရှင်းဖို့ ကြိုးစား နေတုန်း မှာ စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ တိုင်းရင်းသား တွေကို ပိုပြီးမခံမရပ် ဖြစ်စေခဲ့ပါ တယ်။ သမိုင်းကို ပြန်ကြည့်ရင် အင်္ဂလိပ်ဟာ အရပ်သား အုပ်ချုပ်ရေးနဲ့ပဲ တစ်စစီ ဖြစ်နေတဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း တစ်ရာလောက် အုပ်ချုပ်သွားပါတယ်။ ကမ္ဘာ ပေါ်မှာ ဘယ်ပြဿနာမဆို အင်အားသုံးလို့ ပြေလည်သွားတာ တစ်ခုမှ မရှိပါဘူး။ စားပွဲဝိုင်းမှာပဲ အဖြေ ရှာခဲ့ရတာပါ။ စစ်ဆိုတာ ရန်ဖက် ခေါင်းဆောင်တွေကို စားပွဲဝိုင်းကို တွန်းပို့ပေးတဲ့ အင်အား တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဖက်ဒရယ်စနစ် ဆိုတာကလည်း အမေရိကန် ပြည်ထောင်စုတို့၊ သြစတေးလျတို့၊ ဆွစ်ဇာလန် နိုင်ငံတို့က ရာစုနှစ်နဲ့ချီပြီး ကျင့်သုံးနေတဲ့ စနစ် ဖြစ်ပါတယ်။ ဒါကြောင့် လမ်းလွဲကြီးကို လိုက်နေရာကနေ အဖြစ်မှန်နဲ့ တဖြည်းဖြည်း ဝေးသွား တဲ့ အချိန်၊ အာဏာရှင်ဟာ မှိုင်းတိုက်လို့ မရနိုင်တော့ လောက်အောင် အဖြစ်မှန်နဲ့ လမ်းလွဲသွားတဲ့ အချိန်မှာ အဲဒီ အာဏာရှင်ရဲ့ ကျဆုံးခန်း စပါတော့တယ်။

နောက်လိုက်တွေရဲ့ အခန်းကဏ္ဍကို ကြည့်ကြရအောင်။ အာဏာရှင်မှာ လက်အောက်ငယ်သား ဆိုတာ ရှိစမြဲပါ။ သူတို့မှာ မျှော်လင့်ချက်ကိုယ်စီ ရှိကြပါ တယ်။ ဒီလက်အောက် ငယ်သားတွေကို မြှောက်စားရာကနေ တစ်ချိန်မှာ သူတို့ ဟာ တန်ခိုး ထွားလာရာကနေ စုပေါင်းပြီး အာဏာရှင်ကို ပြန်ပြီး လွှမ်းမိုးတတ်တဲ့ အလေ့ရှိပါတယ်။ ရှင်းပြပါမယ်။ လက်အောက် ငယ်သား တွေဟာ သူတို့ရဲ့ မျှော်လင့်ချက် သို့မဟုတ် အာဏာရှင်ဆီကနေ သူတို့ လိုချင်တဲ့ အရာတွေ ရှိပါ တယ်။ ဒါတွေကို မဖြည့်စည်းပေးနိုင်တဲ့ တစ်ချိန်ကျရင် အဲဒီ အာဏာရှင်ကို သူတို့ အလိုမရှိတော့ပါ ဘူး။ သန်းရွှေဟာ သူ့လူတွေကို မြှောက်စားထားရပါ တယ်။ ဒီလူစုထဲမှာ သူရ ရွှေမန်း၊ စက်မှု(၁)၀န်ကြီး အောင်သောင်း၊ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး၊ ရဲချုပ်ခင်ရီ၊ တရားသူကြီးချုပ် အောင်တိုးတို့ ပါပါတယ်။ ဆိုကြပါစို့ တကယ်လို့ သန်းရွှေ ကိုယ်တိုင် အမြင်မှန် ရသွားလို့ စစ်တပ်က နောက်ဆုတ်ပေးပြီး ဒီမိုကရေစီ စနစ်ကို အကောင်အထည် ဖေါ်ချင်တယ်ပဲ ဆိုပါစို့၊ ပထမဆုံး သူ့အသက်ကို ရန်ရှာမှာက ဒီနောက်လိုက်တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က သန်းရွှေခေတ်လွန် အာဏာကို မျှော်လင့်နေကြလို့ပါ။ သူတို့ ထင်သလို ဖြစ်မလာ ရင်၊ သူတို့ ပေးဆပ်ခဲ့ရတာနဲ့ မတန်ရင် သန်းရွှေကို ပြန်ပြီး ရန်ရှာကြပါလိမ့်မယ်။ ဒါကြောင့် သန်းရွှေ သေသွားရင် ဒီလူတွေ အကြားမှာ ပြဿနာ တက်ရာကနေ စစ် အုပ်ချုပ်ရေးစနစ် စပြီး ကျဆုံးဖို့ အလားအလာ ရှိပါတယ်။ (ဒီနေရမှာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဦးဆောင်တဲ့ DSA ဗိုလ်သင်တန်းဆင်း အဖွဲ့တွေကို ထည့်တွက်ရပါလိမ့်မယ်။ သန်းရွှေ အဖွဲ့က OTS ကျောင်းဆင်းတွေပါ။ ကြံ့ဖွံ့အဖွဲ့ ထဲမှာလည်း OTS ထွက်တွေက ထိပ်ပိုင်း နေရာတွေကို ယူထားကြပါတယ်။)

နောက်တစ်ချက်က အာဏာရှင်ရဲ့ အနီးကပ် နောက်ကွယ်မှာ အာဏာရှင်ကို ဖြုတ်ချချင်နေတဲ့ လူတွေ ရှိစမြဲပါ။ ဒီလူတွေက သန်းရွှေကို အကြီးအကျယ် ထောက်ခံနေရတဲ့ အကြောင်းကလည်း သူတို့ တန်ခိုးထွားချင်လို့ ဖြစ်ပါတယ်။ လောလောဆယ် သူတို့ရတဲ့ တန်ခိုးက သန်းရွှေဆီက လာတာပါ။ သူတို့ ဘယ်လောက်တောင် အပြိုင်အဆိုင် တန်ခိုး ထွားချင်ကြသလဲ ဆိုရင် သန်းရွှေ ထက်တောင် ကျော်ပြီး တန်ခိုးထွားဖို့ အမြဲကြိုးစားနေကြပါတယ်။ ပခုံးချင်း ယှဉ်ဖို့ အမြဲ ကြိတ်ကြံနေတတ်ပါတယ်။ သန်းရွှေက သူတို့ကို တစ်ဖက်က မြှောက်စား ရင်း တစ်ဖက်က သူတို့ရဲ့ အာဏာပါဝါတွေ သူ့ကို ကျော်မသွားအောင်လို့ ပြန်ညှိ ရပါတယ်။ သူတို့ သန်းရွှေနဲ့ အနီးကပ် နေနေရတဲ့ အကြောင်းရင်း ကိုယ်၌က သန်းရွှေလို အာဏာရှင် ဖြစ်ချင်လို့ပါပဲ။ ဒါကြောင့် ကိုယ့်ရှေ့ကလူ မြန်မြန် ကြွလေ သူတို့ ကြိုက်လေပါပဲ။ သန်းရွှေက ဒီအချက်ကို ကောင်းကောင်း သိပါ တယ်။ ဒါကြောင့် သန်းရွှေဟာ သူ့မိသားစုက လွဲလို့ ဘယ်သူ့ကိုမှ မယုံတာပေါ့။ သန်းရွှေသေရင်၊ သန်းရွှေမှာ အာဏာ မရှိတော့ဘူး ဆိုရင် ဒီလူတွေ ကြားထဲမှာ ဘာတွေဖြစ်လာမလဲ…
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သဘောတရား အမြင်
၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ သန်းရွှေရဲ့ ကံကြမ္မာဟာ လွှတ်တော်နဲ့ စစ် ဦးစီးချုပ်ကို သူဘယ်လောက် လွှမ်းမိုးနိုင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ အာဏာရလာတဲ့ သမ္မတ၊ စစ်ဦးစီးချုပ်ဟာ စစ်တပ်ရဲ့ ကြီးနိုင် ငယ်ညှင်း တောတွင်း ဥပဒေသ (Law of the jungle) အရ လူလားမြောက်လာသူ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ သန်းရွှေကို မခန့်လေးစား လုပ်လာပါ့လိမ့်မယ်။ သန်းရွှေကိုယ်တိုင် နေ၀င်းကို ပြန်ဖမ်း သေးတာပဲ မဟုတ်လား။ ပြီးရင် ၂၀၁၀ နောက်ပိုင်း အာဏာ ရလာသူဟာ သန်းရွှေကို ဖမ်းပြလိုက်ရင် ဘာပဲဖြစ်ဖြစ် ကမ္ဘာက သူ့ကို အာရုံစိုက် လာပါလိမ့်မယ်။ သူရဲကောင်းလို့ အနည်းဆုံး အခိုက်အတန့် တစ်ခုအထိတော့ အထင်ခံရနိုင်ပါတယ်။ တနည်းအားဖြင့် ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ယုံကြည် လေးစားမှုနဲ့ ထောက်ခံမှုကို ရအောင်လို့ သန်းရွှေကို ချနင်းလို့ ရပါတယ်။

နောက်တစ်ချက်က အစိုးရသစ်ထဲမှာ စစ်ဦးစီးချုပ်နဲ့ သမ္မတတို့ရဲ့ လွန်ဆွဲပွဲကို တွေ့ရဖို့ ရှိပါတယ်။ နှစ်ယောက်စလုံးက စစ်တပ်က လူတွေချည်းပါပဲ။ သမ္မတ က စစ်တပ်ဝါအရ ကြီးပါတယ်။ ဖွဲ့စည်းပုံအရ စစ်တပ်ထဲမှာ အာဏာ သိပ်မရှိပဲ သူ့အာဏာ အများစုက အစိုးရ အုပ်ချုပ်ရေးဘက်မှာ ရှိပါတယ်။ စစ်ဦးစီးချုပ်က စစ်တပ်ဝါအရ ငယ်ပေမယ့် လက်ရှိ စစ်တပ်မှာ အာဏာ အပြင်းဆုံးပါ။ အစိုးရ အုပ်ချုပ်ရေး ဘက်မှာလည်း ၀င်စွက်ဖက်ခွင့် ရှိပါတယ်။ အာဏာနဲ့ ပါတ်သက် လာရင် အမိန့်တွေနဲ့ ဘ၀ကို တည်ဆောက်လာကြတဲ့ ဒီလူနှစ်ယောက်ဟာ ညှိနှိုင်းဆွေးနွေးမှု အားဖြင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တည်ဆောက် နိုင်ကြပါ့မလား။ စစ်တပ် ထုံးစံနဲ့ အာဏာရှင် ထုံးစံတွေအရ ဘယ်သူက ပါဝါပိုပြင်း တယ် ဆိုတာ ပြကြရမှာ ဖြစ်တဲ့အတွက် ဒီနှစ်ယောက်ဟာ အလျှော့ပေးကြမှာ မဟုတ်ပဲ အားပြိုင်ကြရာကနေ စစ်အုပ်ချုပ်ရေးကို ထိခိုက်ပြိုပျက်စေမှာ ဖြစ်ပါ တယ်။
အခု တင်ပြ ဆွေးနွေးခဲ့တာတွေရဲ့ ကြားထဲမှာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်ပါသေးတယ်။ လက်ရှိအခြေအနေကို ကြည့်ပြီး သုံးသပ်ထားတာပါ။ အခု တင်ပြ ဆွေးနွေးမှုကို သွေဖီသွားနိုင်တဲ့ အချက်တွေ အများကြီး ရှိနေနိုင် ပါသေး တယ်။ ဥပမာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အခန်းကဏ္ဍ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ၊ ကြံ့ဖွံ့ရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတကာရဲ့ တုန့်ပြန်မှု စသဖြင့် ထည့်တွက်လိုက်ရင် အဖြေက အမျိုးမျိုး ရှိနေနိုင်ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အာဏာရှင်ဆိုတာ မတည်မြဲပဲ နောက်ဖေး ခွေးတိုးပေါက်ကနေ တစ်ဆင့် လူ့လောကကို စွန့်ခွာသွားကြရစမြဲပါ။ ♦

ဝင်းထွန်း


(အကိုတယောက်ရဲ့အမြင်ကို တင်ပြပေးခြင်းဖြစ်ပါသည်)
ဖွားစော

No comments:

Post a Comment