Saturday, December 27, 2008

ရေးမိတွေးရာ

စာမေးပွဲပြီးလို့ ကျောင်းတစ်လပိတ်ရင် ကဗျာတွေ၊ စာတွေရေးမယ်လို့အားခဲထားသမျှတကယ်တမ်းကျ ခရီးတွေပဲသွားဖြစ်နေပြီး ဘာမှမရေးဖြစ်ဘူး။ ရေးဖြစ်တဲ့နည်းနည်းလေးကလည်းတခြားဘလော့မှာပဲတင်ဖြစ်တယ်။ ဒီရက်ပိုင်းမှာ စိတ်တွေကလည်းထွေနေတယ်။ ဘာလုပ်ရမလဲစဉ်းစားလို့မရတဲ့အခြေအနေ။ ခရစ္စမတ်နဲ့ New Year ကိုသူများတွေလိုဘယ်လိုဆင်နွှဲမယ်မစဉ်းစားထားဘူး။ မနေ့ကတော့ သူငယ်ချင်းတစ်ယောက်ကဖိတ်လို့ သူ့အိမ်ကိုပဲ ခရစ္စမတ်ပါတီသွားဖြစ်တယ်။ ၂၀၀၉ ကရောက်တော့မယ်။ တစ်နှစ်ထက်တစ်နှစ်အသက်ကြီးလာတယ်။ အချိန်တွေတရွေ့ရွေ့နဲ့ကုန်သွားပြန်တယ်။ အခုထိတော့ဘာမှအပြောင်းအလဲကမဖြစ်လာသေးဘူး။ ၂၀၁၀ဆိုပဲ ရွေးကောက်ပွဲကလုပ်တော့မယ်။ NLD ကလည်းရွေးကောက်ပွဲမ၀င်ဘူးလို့ပြောနေတုန်းပဲ။ NLD ကရွေးကောက်ပွဲ မ၀င်လို့ နအဖဘက်ကပါတီအများစုကအနိုင်ရသွားရင်အခြေအနေက ထူးမခြားနားပဲဖြစ်နေအုန်းမှာပဲ။ ကျွန်မကတော့ နိုင်ငံရေးကိုသိပ်နားမလည်လှပေမယ့် NLD ရွေးကောက်ပွဲကိုဝင်စေချင်တယ်။ တိုင်းရင်းသားအဖွဲ့တွေ နဲ့ပေါင်းပြီးမဲတစ်ဝက်စီနဲ့ပဲဖြစ်ဖြစ် အနိုင်ရသွားရင် အခြေအနေကိုတဖြည်းဖြည်းပြောင်းယူလို့ရမယ်ထင်တာပဲ။ မြန်မာနိုင်ငံ အနေအထားက လောလောလတ်လတ်ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ဆိုတာမဖြစ်နိုင်သေးပေမယ့် တဖြည်းဖြည်းချင်းပြောင်းလဲယူရင်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် မတရားမှုတွေဆက်မဖြစ်ဖို့နဲ့ အာဏာရှင်စနစ်ပပျောက် သွားဖို့ကိုပဲ အခုချိန်မှာဦးစားပေးလုပ်သင့်တယ်ထင်တာပဲ။ ဒီရက်ပိုင်းမှာဖတ်ရတဲ့စာတွေ၊ ဘလော့တွေအရ ထိုင်းအခြေစိုက် မြန်မာအရေးလှုပ်ရှားနေတဲ့အဖွဲ့တွေကိုလည်း အလှုရှင်တွေ၊ ထိုင်းအစိုးရဘက်တွေကသိပ်သဘော မတွေ့တဲ့ပုံစံမျိုးတွေဖတ်လာရတယ်။ ဘယ်သူ့အပြစ်၊ ဘယ်ဝါ့အပြစ်ဆိုတာတွေလည်း ပြောမနေချင်တော့ပါဘူး။ ခေါင်ကမှမလုံတဲ့အိမ်မှာ မိုးယိုတာဘာဆန်းလဲ။ ကိုယ့်ဘာသာကိုယ်တိုင်းပြည်ဘာဖြစ်နေနေ ငါတို့နေလို့ရပြီး နေတာပဲဆိုတဲ့လူတွေလည်းရှိတာပဲ။ မြန်မာ့အရေးကို ကိုယ့်ကိုယ်ကျိုးစွန့်ပြီးလှုပ်ရှားနေသူတွေရှိသလို မြန်မာ့အရေး ကိုခေါင်းစဉ်တပ်ပြီး ကားစီး၊ တိုက်ဆောက်ဖို့ကြံနေတဲ့သူတွေလည်းရှိတာပဲ။ ထားလိုက်ပါတော့။ ဘာတွေထပ်ဖြစ်လာ ဦးမှာလဲဆိုတာပဲစောင့်ကြည့်နေရတယ်။ ကိုယ်တိုင်တောင်ကိုယ်ကျိုးမစွန့်နိုင်သေးဘူး။ သူများတွေလုပ်နေတာကိုပဲ ဘေးကလက်ခုပ်တီးနေရတဲ့အခြေအနေ။ ဒီကြားထဲကိုယ့်ဘာသာ စိတ်ထဲမှာခံစားရတာလေးတွေကို ကဗျာလေး၊ စာလေးရေးနေတာတောင်အသားလွတ်နေ စီဘောက်စ်ထဲလာပြီးဝင်ဆဲချင်တဲ့ နအဖအလိုတော်ရိသူတောင်းစားများ ကရှိသေးတာ။ ဘာပဲဖြစ်ဖြစ် ကိုယ်ရေးတဲ့စာတွေကိုလာဖတ်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ စိတ်ကူးရရင်စာတွေပြန်ရေးဖြစ်မှာပါလို့။ ဒီကနေပဲ အားလုံးကို Happy New Year ဖြစ်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ ပျော်ရွှင်ကြပါစေ။
ပုဂံဖွားစော

2 comments:

  1. အတွေးသစ် စိတ်ကူးသစ်တွေနဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျာ

    ReplyDelete
  2. အမရေ NLD ကရွေးကောက်ပွဲမ၀င်ဘူးဆိုတာက Result ကိုကြိုသိနေလို့ ပါ... သူတို့ ဘက်ကအပြတ်အသတ်နိုင်မယ်.. ဒါပေမယ့် အာဏာရူးတွေကမဲခိုးမယ်..နောက်ဆုံး..၁မဲမှမရရင်တောင် အာဏာရူးတွေက.. NLDမဲကိုသူတို့ မဲလုပ်မယ်.. ဘယ်သူသိတာမှတ်လို့ ..မဲရေတဲ့သူတွေကငါတို့ ဘက်တော်သားကွဆိုပြီးလေ.. နောက်ဆုံးတော့ဘယ်သူမှမထောက်ခံတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို 92.xx(အင်း..၉၂.something ဘဲအတိအကျမမှတ်မိဘူး)ကထောက်ခံပါတယ်ဆိုပြီး အတည်ပြုခဲ့သလိုမျိုး.. သူတို့ နိုင်ပါတယ်ဆိုပြီးလုပ်မယ်လေ.. အဲဒါတွေကြိုမြင်လို့  အတုအယောင်ရွေးကောက်ပွဲကို အပင်ပန်းခံပြီးမ၀င်တာပါအမရေ.. ၀င်တော့လည်းအာဏာရူးတွေက ကလိမ်ကကျစ်လုပ်ဦးမှာဟာကို.. ဟုတ်တယ်ဟုတ်.. ထင်တာပြောကြည့်တာပါ.. NLD မ၀င်တဲ့ reason ကိုတော့မီးလည်းသိဘူး

    ReplyDelete